University of IBEC ၏ တတိယအကြိမ်မြောက်မဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်း

ဇန်နဝါရီ ၁၈၊ စစ်ကိုင်း။

IBEC ဗုဒ္ဓတက္ကသိုလ် (University of IBEC) ၏ တတိယကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနား ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်၊ တနင်္ဂနွေနေ့ နံနက် (၈:၃၀) နာရီအချိန်တွင် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကျေးဇူးတော်ရှင် သီတဂူအဓိပတိဆရာတော်ဘုရားကြီးမှ တက်ရောက်လာကြသည့် ဘွဲ့ရ ကျောင်းသား၊သူများနှင့် ပရိသတ်အပေါင်းတို့အား သာသနာပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ရန်အတွက် လမ်းညွှန်ဩဝါဒကထာများ ချီးမြှင့်ပေးသနားခဲ့ပါသည်။

ဆက်လက်၍ IBEC နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ် တည်ထောင်သူ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်သောဘိတမှလည်း ဘွဲ့အပ်နှင်းခြင်းဆိုင်ရာ ဂုဏ်ပြုမိန့်ခွန်းကို မြွက်ကြားခဲ့ပါသည်။ ဤအခမ်းအနားတွင် အဓိပတိဆရာတော်ကြီးကိုယ်တိုင် သက်ဆိုင်ရာ ဘွဲ့တံဆိပ်များကို အတည်ပြုအပ်နှင်းပေးခဲ့ပါသည်။

အဆိုပါ ဘွဲ့တံဆိပ်များမှာ – ဗုဒ္ဓဒေသနာ မဟာဝိဇ္ဇာ (MA) ဘွဲ့ရ (၁၇) ပါး ၊ ဗုဒ္ဓဒေသနာ ဝိဇ္ဇာ (BA) ဘွဲ့ရ (၁၆) ပါး၊ သာသနာ့နုဂ္ဂဟ ဓမ္မာစရိယဘွဲ့ (၁) ပါး နှင့် သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ (၄) ပါး၊ အင်္ဂလိပ်စာသင်တန်းဆင်းလက်မှတ် (English Course Certificate) ရရှိသူ စုစုပေါင်း (၂၂) ဦး ပေးအပ်ချီးမြှင့်နိုင်ခဲ့ပေသည်။

၎င်းနောက် သာသနာပြု ကတိသစ္စာပြုခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ဘွဲ့ရကျောင်းသား/သူများအားလုံးသည် – ၁။ မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း သာသနာ့အောင်လံကို လွှင့်ထူရန် ၂။ ထေရဝါဒတရားတော်များကို စစ်မှန်စွာ ထိန်းသိမ်းစောင့်ရှောက်ရန် ၃။ ကိုယ်ကျိုးမဖက်ဘဲ လောကနှင့် သာသနာအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးရန်ဟူသော ကတိကဝတ်များကို အဓိပတိဆရာတော်ကြီးရှေ့မှောက်တွင် ခိုင်မာစွာ ကတိပြုခဲ့ကြပါသည်။ နိဂုံးချုပ်အနေဖြင့် ဘွဲ့ယူပုဂ္ဂိုလ်များမှ IBEC ကျောင်းသားကျင့်ဝတ် (၁၅) ချက်ကို သံပြိုင်ရွတ်ဆို၍ မိမိတို့၏ ခံယူချက်များကို ပြသခဲ့ကြပြီး အခမ်းအနားအပြီးတွင် “ စိတ်မန်မချ မာနမပါ တို့စွမ်းရာဖြင့်၊ တို့သာသနာ တို့ပြည်ရွာကို၊ သာယာစေမှု လုံ့လပြုအံ့” ဟူသော သီတဂူအဓိဋ္ဌာန် ကို မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ရွတ်ဆိုကာ အောင်မြင်စွာ နိဂုံးချုပ်ခဲ့ပါသည်။ ယနေ့ ဘွဲ့လက်မှတ်များ လက်ခံရယူခဲ့ကြသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအားလုံး နောင်တွင်လည်း သာသနာတော်နှင့် တိုင်းပြည်အတွက် အားကိုးထိုက်သော ပညာရှင်များ ဖြစ်ကြပါစေကြောင်း IBEC မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။